Saturday, June 7, 2014

ရိကျိုးစွာခုံမင် တဲ့အလွမ်းစု

ငါတို့အတွက် ဝေးကွာခြင်းဆိုတာ
စွမ်းအားအပြင်းဆုံး ဗုံးတစ်လုံးလေ
အလွမ်းတွေမှာ ရိုကျိုးနေရရင်တောင်
ခွဲခွာခြင်းကို မ
ပိုင်စိုးပါရစေနဲ့။
စိတ်ရဲ့ ပြက္ခဒိန်ထဲမှာ
လွမ်းရခြင်းက ရက်ရာဇာ
ခွဲခွာခြင်းက ပြဿဒါးမို့
ငါတို့ရဲ့ နာရီတွေကို နောက်ပြန်လှည့်ထားချင်ရဲ့။
တသက်စာ ချုံခိုခွင့်အတွက်
အိပ်မက်တွေကိုခေါင်းပြူကြည့်ခဲ့မိတယ်။
လေညင်းလေးက ခပ်ပါးပါး
ကြယ်ရောင်တွေက ခပ်ဝါးဝါးကြားမှာ
ငါ့ရဲ့အိပ်မက်လေးလဲ
ပါးလျ လာနေပြီလား။
ချစ်သူရယ်
ငါဟာ နတ်ဆိုးတကောင်လို
အချစ်မျိုး ဆိုရင်တောင်မှ
မင်းအတွက်ဆို
အရာရာ ချိုမြိန်ချင်ခဲ့သူပါ။
မိုးအစ မိုးအလယ် မိုးအနှောင်း
ရွာသွန်းပေးမယ့် ငါချစ်ခြင်း အတွက်
ငါဟာ အမြဲ
ရေစီးရေလာ ကောင်းပေးပါ့မယ်။
နေ့နဲ့ ညတွေကို ရူးသွပ်နေရင်း
မြူဆိုင်းလာမယ့် နေ့ရက်တွေကိုလဲ
ကြိုပြီး ဖယ်ရှားပေးခဲ့ပါ့မယ်။
ပွင့်လန်းလာမယ့် မနက်ခင်းတိုင်းမှာ
ငါ့ရဲ့ မြတ်နိုးခြင်းတွေ
လေပြေလိုပဲ အေးမြပါစေ။
ငါ့ရဲ့ စောင့်စားခြင်းမှာ
အချစ်အတွက်ဆိုရင်
အမှောင်ထုကိုပဲ ဖြစ်ဖြစ်
အဖော် အသင်းဖွဲ့ မိတ်ဆက်ချင်ရဲ့။
သို့ပါသော်လည်း
မင်းကို လွမ်းနေတယ် ဆိုတဲ့စကား
ဘဝနဲ့ ချိန်စက် ပြောချင်ပေမယ့်
ငါ့အတွက် ကံတရားက
အထိတ်ထိတ် အလန့်လန့်
လျှပ်စီးတွေ လက်နေဆဲလေ။
ဒါပေမယ့်လည်း ကျေနပ်လိုက်ပါတယ် ချစ်သူ
ခပ်ဝေးဝေးက ပျံသန်းလာမယ့် နေ့ရက်လေးအတွက်
ခွဲခွာခြင်းကို ဖိနပ်တရံလို ချစီး
ငါ့ရဲ့ ရိုကျိုးခြင်းတွေ
အဲ့ဒီအလွမ်းတွေမှာ ထည့်ပျိုးရင်း
ရပ်ကြည့်ခွင့်လေး
ရနေခဲ့မယ် ဆိုရင်တောင် . . .။


Posted via Blogaway

No comments:

Post a Comment